ပါရီအိုလံပစ်
ပြင်သစ်အိုလံပစ်ပွဲစဥ်တလျှောက် အချိန်ရတိုင်း တောက်လျှောက်စောင့်ကြည့်ခဲ့တဲ့ အားကစားတမျိုးမှာ ကြည့်စရာပွဲတွေမကျန်တော့လို့ မနေ့ညက ဒုတိယတမျိုးပြောင်းကြည့်မိတယ်။
တိုက်ကွမ်ဒို။ ကိုယ်ငယ်ငယ်က ကစားခဲ့တဲ့အားကစားတွေထဲက တခုပေ့ါ။
ပွဲစဥ်တွေပြီးသလောက်ရှိပြီမို့ အမျိုးသမီး 49kg တန်းကစားနေတဲ့ ထိုင်းပြိုင်ပွဲတွေ ပေါ်လာတာတွေ့တာနဲ့ လိုက်ကြည့်မိတယ်။ Panipak ဆိုတဲ့ကောင်မလေး။ အသက် ၂၇ နှစ်။
ကိုယ့်အမြင်ကို လိုရင်းပြောရရင် ပြိုင်ပွဲတွေက ငယ်ငယ်ကလောက် စိတ်လှုပ်ရှားစရာ သိပ်မကောင်းတော့ဘူးလို့ ခံစားရတယ်။ ဘယ်ပြိုင်ပွဲဖြစ်ဖြစ် အမှတ်ပေးစနစ်နဲ့ကစားတာမှန်ပေမဲ့ ငယ်ငယ်တုန်းက ပြိုင်ပွဲတွေကာ ပြိုင်ဆိုင်မှုပိုပြင်းထန်ပြီး စိတ်လှုပ်ရှားမှုပိုပေးနိုင်တယ်လို့ ထင်မိတာပဲ။ ပြည်နဲ့နှင့်တိုင်းပြိုင်ပွဲတွေမှာ နည်းစနစ်သိပ်ကောင်းတဲ့ ကစားသမားတွေ တော်တော်များများတွေ့ခဲ့ဖူးတယ်။
ပါရီအိုလံပစ်မှာ ပြိုင်နေတဲ့သူက မြန်မာဆိုရင်တော့ မပြောတတ်ဘူး။ တိုင်းပြည်အခြေအနေကောင်းနေခဲ့ရင်တော့ ဒီလိုပြိုင်ပွဲတွေမှာ တခုတ်တရပြောစရာတွေရှိမှာပေ့ါလေ။
တခုသတိထားမိတာက ထိုင်းကနည်းပြနဲ့ကစားသမားဟာ တခြားပြိုင်ပွဲဝင်ကသမားနဲ့နည်းပြတွေထက်ပိုပြီး အတွဲမိတယ်လို့မြင်မိတယ်။ ရသင့်တဲအမှတ်တွေကို နည်းပြကော ကစားသမားကော လက်လွှတ်မခံပဲ ရအောင်ယူတတ်တယ်။
ဒီမနက်သတင်းမှာ ထိုင်းနဲ့တရုတ်ဖိုင်နယ်ကစားပြီး Panipak က ထိုင်းအတွက် ပထမဆုံး ရွှေယူပေးသွားတယ်။ ဖိုင်နယ်မှာ ၆-၃၊ ၂-၃၊ ၆-၂ နဲ့နိုင်သွားတာ။ တတိယအချီမှာ Panipak ကတရုတ်ကစားသမား ခေါင်းကိုကန်ချက်ထိပြီးတာနဲ့ နည်းပြကို ချက်ချင်းလက်နဲ့အချက်ပြခဲ့တာ၊ ပွဲပြီးကာနီးအမှတ်ထိန်းကစားခဲ့တာ သဘောကျစရာပဲ။ မွေးနေ့မှာ ရွှေရသွားတယ်ဆိုတော့ သူ့အတွက်လည်း စိတ်ကျေနပ်စရာပဲပေ့ါ။
သြ ဒါနဲ့ .. တောက်လျှောက်ကြည့်ခဲ့တဲ့ အားကစားပြိုင်ပွဲက ဘာလဲလို့မေးချင်နေတယ်မဟုတ်လား။
သတ်ချင်သတ်။ ဒါမျိုး ဘယ်ပြောပြလိမ့်မလဲ ဟဲ ဟဲ။